ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Thursday, 9 February 2012

ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်မြောင်းမြခရီးစဉ်

နံနက် ငါးနာရီခွဲအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄) နေအိမ်မှ စတင်ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား သူမ မထွက်ခွာမီကပင် ဧရာဝတီတိုင်းသားများက ကြိုဆိုရန် ပြင်ဆင်နေကြပြီဖြစ်သည်။

““မနက်လေးနာရီကတည်းက ရွာကနေ လမ်းလျှောက်လာတယ်။ တချို့က ဧရာဝတီတိုင်းအ၀င်က သွားစောင့်ကြတယ်၊ ကျွန်တော်တို့ကတော့ ပန်းတနော်ကပဲစောင့်နေတယ်””ဟု ပန်းတနော်မြို့နှင့် တစ်မိုင်ခန့်ဝေးသော ကျေးရွာတစ်ရွာမှ အသက်လေးဆယ်ခန့်အရွယ် ကိုအောင်ဝိဇ္ဇာက ဆိုသည်။

နံနက် ခြောက်နာရီခန့်တွင် ပန်းတနော်မြို့အ၀င်၌ ဒေါင်းအလံများ၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံများကိုင်ဆောင်ကာ လူတစ်ရာဝန်းကျင်ခန့်စောင့်ဆိုင်းနေကြသည်။ ထိုနေရာမှစတင်၍ ပုသိမ်မြို့ရောက်သည်အထိ လမ်းတစ်လျှောက် ကျေးရွာများ၊ မြို့နယ်များတွင် ဒေသခံများက အတီးအမှုတ် အကအခုန်များဖြင့် ကြိုဆိုနေကြသည်။ ကျောင်းကုန်းမြို့အ၀င်တွင် လူပေါင်းသုံးရာခန့် စောင့်ကြိုနေသည်ကို တွေ့ရပြီး ထိုအထဲမှ အသက်ငါးဆယ်ခန့်အရွယ် ဦးသိန်းတန်က ““ဒေါ်စုနဲ့ မတွေ့တာ နှစ် နှစ်ဆယ်ရှိပြီ။ နိုင်ငံ ကောင်းအောင်လုပ်ဖို့ ဒေါ်စုရဲ့ လမ်းညွှန်မှုကိုခံယူဖို့ လာစောင့်နေတာပါ၊ စကားပြောဖို့ စင်မြင့်တစ်ခုလည်း လုပ်ထားပါတယ်”” ဟု ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်မှာ လမ်းတစ်လျှောက် ရပ်နားခြင်းမရှိဘဲ ကြိုဆိုနေသူများအား လက်ကိုင်စကားပြောခွက်ဖြင့်သာ ကားပေါ်မှ နှုတ်ဆက်စကားပြောကြားလာခဲ့သည်။ ပုသိမ်မြို့အ၀င်ရှိ နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ တစ်ရာကျော်ခန့်မှာ We Love Su စာတန်းအား လက်မောင်းနှင့် နဖူးများတွင် အသီးသီးစည်းနှောင်ထားကြပြီး ဒေါ်အောင်ဆန်းစုကြည်အား နံနက်ခြောက်နာရီကပင် စုရုံးစောင့်ဆိုင်းနေကြသည်။ ထိုကဲ့သို့ လာရောက်ကြိုဆိုရန် ဆရာဆရာမများက ခွင့်ပြုပေးခဲ့ပြီး ခိုက်ရန်မဖြစ်ကြရန်သာ မှာကြားခဲ့ကြောင်း BE(Machenical) နောက်ဆုံးနှစ်တက်ရောက်နေသူ ကိုအောင်ကိုနိုင်က ပြောသည်။

ထို စောင့်ဆိုင်းနေသူများထဲမှာ အသက်နှစ်ဆယ်အရွယ် BE(Cevil) ဒုတိယနှစ်ကျောင်းသူ မမေလွင်ဦးက ““အမေစုကို သမီးတို့ရဲ့ ဆန္ဒကိုပြောချင်လို့ လာစောင့်နေတာ။ ကျောင်းမှာ လက်တွေ့လုပ်ငန်းတွေမရှိဘူး။ လိုချင်တယ်။ ပုံနှိပ်စာအုပ် အခက်အခဲရှိနေတယ်။ သမီးတို့ကျောင်းသားတွေကို ပစ်မထားပါနဲ့လို့ ပြောချင်လို့ပါ””ဟု ဆိုလာသည်။

ပုသိမ်ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်ရှေ့တွင်မူ စာမေးပွဲဖြေဆိုရန်ရှိသဖြင့် ကြိုဆိုနေသော ကျောင်းသားများအား မတွေ့ရဘဲ တိတ်ဆိတ်လျှက်ရှိသော်လည်း

ကျောင်းသား၂၀၀ခန့်မှာ ဒေါ်အောင်ဆန်းစုကြည်စကားပြောမည့် ကိုးသိန်း အားကစားကွင်း အ၀၌ သွားရောက်ကြိုနေကြသည်။ ထိုကျောင်းသားများထဲမှ ဒုတိယနှစ်သင်္ချာအဓိက တက်ရောက်နေသော ကို ပြည့်ဖြိုးအောင်က

““အမေစုကအမှန်တရားကိုမြတ်နိုးလို့ ကျွန်တော်တို့အရမ်းချစ်တယ်။ တွေ့လဲတွေ့ဖူးချင်လို့ လာတွေ့တာ။ တစ်နှစ်ကျလည်းအကျခံမယ်”” ဟုယုံကြည်မူအပြည့်ဖြင့် ပြောသည်။

ပုသိမ်မြို့အနှံ့အပြားတွင် ထိုနေ့နံနက်တွင် ထမနဲထိုးခြင်း၊ မုန့်ဟင်းခါးကျွေးခြင်း၊ စတုဒိသာတိုက်ကျွေးခြင်းတို့ကို ပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်ခဲ့သော်လည်း သွားရောက်စားသောက်သူ နည်းပါးကြောင်း ပုသိမ်မြို့ခံများက ပြောကြသည်။

ဒေသခံအာဏာပိုင်များက အိမ်ယာမြေများအား အိမ်ဂရံထုတ်ပေးရန် ထိုနေ့တွင် ရုံးသို့ လာရောက်ကြရမည်ဟု ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။

သို့သော် ဧရာဝတီတိုင်းဒေသကြိးအတွင်းရှိ သာပေါင်း၊ ငပုတော၊ အိမ်မဲ အစရှိသည့် မြို့နယ်များမှ မော်တော်ကားများ၊ စက်လှေများ၊ သင်္ဘောများဖြင့် ညတစ်နာရီခန့်ကပင် လာရောက်နေကြပြီး မိုးမလင်းမီကပင် ကိုးသိန်းအားကစားကွင်းရှေ့သို့ တဖွဲဖွဲစုရုံးနေကြသည်ကို တွေ့ရသည်။

““ကျွန်တော်ဖျားနေတာ ၁၅ ရက်လောက်ရှိပြီ။ ဆေးထိုးနေရတယ်။ အခုတောင် တွေ့ချင်လွန်းလို့ ကုန်းရုန်းထလာတာ””ဟု ဘောလုံးကွင်း ဂိုးတိုင်အောက်တွင် ထိုင်စောင့်နေသော မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

နေပူကျဲတဲအောက်တွင် ခွပ်ဒေါင်းတံဆိပ်အလံငယ်များအား ဝှေ့ယမ်းကာ မျှော်လင့်ချက်အပြည့်ဖြင့်စောင့်ဆိုင်းနေကြသော လူထုကြီးအတွင်းမှ ကမ္ဘာမကြေသီချင်းကို ပြိုင်တူသီဆိုလိုက်ကြသံအား တစ်ချက်တစ်ချက် ကြားနေရသည်။ တဦးစ နှစ်ဦးစ စိတ်လွတ်ကိုယ်လွတ် ကခုန်လိုက်ကြသည်ကိုလည်း မြင်ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၂ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ပုသိမ်မြို့သို့ လာရောက်ခဲ့ပြီး ယခုခရီးစဉ်တွင်လည်း မန္တလေးမြို့ကဲ့သို့ ခရီးစဉ်ရွှေ့ဆိုင်းရမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ သူမအား လူဦးရေတစ်သိန်းနီးပါး ကြိုဆိုနေကြသော လူထုကြီးရှိရာ ကိုးသိန်းအားကစားကွင်းအတွင်းသို့ နံနက် ၁၁ နာရီအချိန်တွင် ပိတ်ဆို့နေသော လူအုပ်ကြီးကြားမှ ယာဉ်တန်းဖြင့် တရွေ့ရွေ့ရောက်ရှိလာပြီး စောင့်ကြိုနေသော လူထုအား နှုတ်ခွန်းဆက်စကား စပြောသည်။

““ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြုံးရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ ကြိုဆိုတဲ့ ပြည်သူတွေကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒီလို ပြည်သူတွေနဲ့ဆို သာယာတဲ့ပြည်ထောင်စုကြီးကို ကျွန်မတို့ တကယ်ပဲ ဆောက်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု အစိမ်းနုရောင် ရင်ဖုံးနှင့် ချိတ်ထမီဝတ်ဆင်ကာ အစိမ်းနုရောင်ပုသိမ်ထီးကလေး ဆောင်းလာသော ဒေါ်အောင်ဆန်းစုကြည်က ကိုးသိန်းအားကစားကွင်း စင်မြင့်ပေါ်မှ ပြောသွားသည်။

ထို့အပြင် ပုသိမ်မြို့သို့ လာရောက်ရခြင်းမှာ ပါတီကိုပြန်လည်တည်ဆောက်နေသော အချိန်တွင် ပါတီတည်ဆောက်ရေးအနေနှင့် လာရောက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ စည်းရုံးရေးအတွက်လာရောက်ခြင်းလည်းဖြစ်ကြောင်း သူမက ရှင်းပြခဲ့သည်။

မိနစ် ၂၀ ခန့် စကားပြောပြီးနောက် ပုသိမ်ဟိုတယ်သို့ နေ့လည်စာစားသောက်ရန် ထွက်ခွာသွားခဲ့သည်။

ပုသိမ်မြို့အ၀င်မှစ၍ ယာဉ်ထိန်းရဲများက လမ်းရှင်းကူညီပေးမှုများကို တောက်လျှောက်တွေ့နေရပြီး ထိုနေ့တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကလည်း ၎င်းယခင်ရုံးတက်ရုံးဆင်းပြုလုပ်နေကျလမ်းမကြီးမှ ဖြတ်သန်းမသွားဘဲ လမ်းကြားအတွင်းမှသာ ဖြတ်သန်းရုံးတက်ရောက်ခဲ့ကြောင်း အသက် ၇၈ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးစိန်ထွန်းက ပြောပြသည်။

““ဗိုလ်ချုပ်သွေးဆိုလို့ ဒီတစ်ယောက်ပဲကျန်တော့တာ။ ငတ်မွတ်ခေါင်းပါးဘေးမှ လွတ်မြောက်အောင်လည်း သူပဲ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်””ဟု သာပေါင်းမြို့နယ်မှ တောင်သူ ကိုမျိုးအောင်ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် သူမ၏ပါတီ အန်အယ်လ်ဒီအား မဲထည့်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲအား မျှမျှတတဖြစ်စေရေး စောင့်ကြည့်ပေးကြရန် ပြည်သူများအား တိုက်တွန်းခဲ့သည်။

““ကျွန်မတို့ နိုင်ငံမှာ ရွေးကောက်ပွဲဆိုတာ ခဏခဏဖြစ်တာမဟုတ်ပါဘူး။ တစ်ခါတလေမှ ဖြစ်တာပါ။ ဒီလို တစ်ခါတလေမှ ဖြစ်တဲ့အဆင့်ကနေ ပုံမှန်ဖြစ်တဲ့အဆင့်သာမက ပုံမှန်လွတ်လွတ်လပ်လပ်မျှမျှတတ ရွေးကောက်ပွဲဖြစ်နိုင်ဖို့ ကျွန်မတို့ ၀ိုင်းပြီး ကြိုးစား ရမယ်။ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေအရ တစ်နိုင်ငံလုံးမဟုတ်တောင် မဲဆန္ဒပေးရတဲ့နေရာတွေမှာဖြစ်နေတဲ့ မမှန်တာတွေကို ၀ိုင်းဝန်းကြည့်ရြှု့ပီးတော့ ရွေးကောက်ပွဲကို ကာကွယ်ပေးကြပါ””ဟု ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့လူထုကြီးအား မှာကြားသွားသည်။

အနှစ်နှစ်ဆယ်ကျော်ကြာ ပြန်လည်တွေ့မြင်ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ပုသိမ်ဒေသခံ ကိုဖုန်းမြင့်က ““ ၀မ်းသာတယ်။ ဒါပေမယ့် ၀မ်းနည်းတယ်။ အမေစု အသက်ရသွားပြီ။ ဒါကို ၀မ်းနည်းမိတာပါ””ဟု ၀မ်းနည်းသည့် လေသံဖြင့် ပြောလာသည်။

ထို့နောက် ပုသိမ်မြို့မှ နေ့လည်တစ်နာရီခန့်တွင် ကားအစီးပေါင်း ၂၀ ကျော်ပါဝင်သည့် ယာဉ်တန်းဖြင့် ထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်အား ကန်ကြီးထောင့်မြို့နယ် မြင်းကာဆိပ်ကျေးရွာမှ စတင်၍ မြောင်းမြမြို့အ၀င် အဝေးပြေးကွင်းအထိ လမ်းတစ်လျှောက် ကျေးရွာများမှ သောင်းသောင်းဖျဖျ ကခုန်ကြိုဆိုကြသည်။ လူများပြားသည့်နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်က ကားအမိုးပေါက်မှ မတ်တပ်ရပ်ကာ လူထုအား နှုတ်ဆက်မြဲဖြစ်သည်။

““မနက် ကိုးနာရီကတည်းက ရောက်နေတာ။ အခုအချိန်ထိ (နေ့လည် ၂နာရီ) နေ့လည်စာမစားရသေးဘူး။ ဗိုက်လည်းမဆာပါဘူး။ အရမ်းတွေ့ချင်နေတယ်”” ဟု ကျုံတွတ်ကျေးရွာမှ အသက် ၂၀ ခန့်အမျိုးသမီးငယ်တစ်ဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့သို့ စ၀င်လာသည့် နေ့လည် သုံးနာရီကျော် အချိန်တွင်တော့ သူမ၏ယာဉ်တန်းကြီးမှာ ကားအစီးပေါင်း ခြောက်ဆယ်ကျော်နေခဲ့ပြီဖြစ်ကာ ဘေးမှဝန်းရံလိုက်ပါလာသည့် ဆိုင်ကယ်များမှာလည်း အစီးပေါင်း ငါးရာကျော်ရှိမည်ဟု ခန့်မှန်းရသည်။

““အနီးဆုံး ငါးမိုင်လောက်အကွာက ရွာတွေက လမ်းလျှောက်ပြီးလာကြတယ်။ ထမင်းလည်းမစားကြရသေးဘူး”” ဟု မွန်းတည့် ၁၂ နာရီကတည်းက ရောက်ရှိနေသည့် အသက်လေးဆယ်ဝန်းကျင် မြောင်းမြမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

နေအပူရှိန်ပြင်းထန်ပြီး ဖုန်တစ်လုံးလုံးထနေသည့် မြောင်းမြမြို့၊ မီတာလေးရာ အဝေးပြေးကွင်းအတွင်း လူဦးရေ ခုနှစ်သောင်းခန့် ရောက်ရှိနေရာယူထားကြသည်။

““ကျွန်မ အခုမြောင်းမြမြို့နယ်ကို ၀င်လာတဲ့အခါမှာ လာတဲ့လမ်းမှာ ပြည်သူတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အထူးသဖြင့် တောင်သူလယ်သမားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ အဲဒီတော့ ဒီလိုဆင်းရဲမှုတွေက လွတ်မြောက်ဖို့အတွက် အားလုံးဝိုင်းပြီး ရုန်းရမယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြူဖွေးနေသော ဖုန်လိပ်များကြားမှ ဒေါင်းအလံငယ်များ ဝှေ့ယမ်းအားပေးနေကြသည့် မြောင်းမြလူထုကို စင်မြင့်ထက်မှ ပြောကြားလိုက်သည်။

ဧရာဝတီတိုင်းမှ သူမအား လာရောက်ကြိုဆိုသော လူထုကလည်း ဆင်းရဲတွင်းမှ လွတ်မြောက်ရန် နှင့် ဒီမိုကရေစီရရှိရန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်အားကိုးကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏ ရှေ့ဆက်လုပ်ငန်းများတွင် ပြည်သူ့အားကို အဓိကထား၍ လုပ်ဆောင်သွားမည်ဟု ပုသိမ်နှင့် မြောင်းမြ နှစ်နေရာစလုံးတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်တွင် ပြည်သူလူထု၏ ပဲ့တင်သံနှင့် ဒေါင်းအလံများ ထပ်တူကျခဲ့ကြသည်ဟု ဆိုရမည်ဖြစ်ပါသည်။
by အဘ ဥက္ကာကိုကို on Wednesday, 8 February 2012 at 16:49 ·

No comments:

Post a Comment