မင်းကိုနိုင် (သို့) ဒီမိုကရေစီ သူရဲကောင်း။ [သွန်းနေစိုး]
မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့တွေ အရမ်းလေးစားကြသလဲ?
မင်းကိုနိုင်ကို ဘာကြောင့် ကျောင်းသားထုရဲ့ အမြဲတမ်းခေါင်းဆောင်အဖြစ်
သတ်မှတ်သဘောထားနေ ကြသလဲ? မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့
အရမ်းလွတ်စေချင်ခဲ့ကြသလဲ? ဒီလိုတွေ မေးလာခဲ့ရင် အရင်က
တော်တော်ဖြေရလိမ့်မည် ဖြ...စ်ပါသည်။
ယခုတော့ အပြတ်အသား ရင်ကော့ခေါင်းမော့ကာ ပြန်ပြောနိုင်ပေပြီ။
လွတ်လွတ်ချင်းမှာ သူဘာလုပ်သလဲ ကြည့်ပါဟုသာ တစ်ခွန်းတည်းပြောပါတော့မည်။
ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်၏။ ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးကို
ပါးနပ်လိမ္မာစွာ နိုင်ငံရေးနည်းလမ်းကျကျ ပြုလုပ်ရတော့မည်ဖြစ်၏။
မင်းကိုနိုင်သည်ကား နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင်
နေထိုင်ခဲ့ရပါလျက် ယနေ့ခေတ်လုပ်ထုံးလုပ်နည်းနှင့် အညီ
ရင်ဘောင်တန်းနိုင်ရုံသာမက ရှေ့က ပြေးနေသည်ကို အားကျ
အတုယူစဖွယ်မြင်တွေ့လိုက်ရပါသည်။
တကယ်တော့ နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရသူမို့
သူ့ခမျာ ပင်ပန်းနွမ်းလျ ရှာပေမည်။ သို့သော် သူကား လွတ်လွတ်ချင်း
အနားယူဖို့မစဉ်းစား။ လမ်းတလျောက် ဘုရားများ ၀င်ဖူး၏။ ဗုဒ္ဓဘာသာ
ပီသလိုက်ပါဘိချင်း။ ပြီးတော့ လမ်းတလျာက် ပြည်သူလူထုအား တန်ဘိုးရှိသော
စကားများဖြင့် လမ်းညွှန်ခေါင်းဆောင်မှု ပေးခဲ့ချေသေး၏။ ကျနော်သာ
သူ့နေရာမှာဆိုလျှင် ခုမှ ထောင်ကလွတ်တာ မိသားစုနဲ့တွေ့ဖို့ အချိန်ပေးမိမည်။
အိမ်ကို မြန်မြန်ပြန်ဖို့ အရင်ဆုံးစဉ်းစားမိမည်ထင်၏။
လက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေးအခြေအနေကို လေ့လာဖို့ အချိန်
နည်းနည်းလေးတော့ ယူပေဦးမည်။ သို့သော် မင်းကိုနိုင်ကား ထိုသို့မဟုတ်။ သူသည်
အချိန်နေရာမရွေးပဲ သူလုပ်ရမည့်လမ်းစဉ်ကို အပြတ်အသားချမှတ်ထားနိုင်သူသာ
ဖြစ်ပါသည်။ ထို့ကြောင့် မင်းကိုနိုင်ဆိုသည်မှာ ဘယ်နေရာမှာ ဘယ်လိုပင်
ပိတ်လှောင်ထားသည်ဖြစ်စေ အလင်းကို တွေ့ရှိခံစားနိုင်စွမ်းသူဖြစ်သည်ဟု
ကျနော်နားလည်လိုက်မိပါသည်။ ထောင်မှ လွတ်လာလာချင်းမှာပင် ... တွေဝေ
တုန့်ဆိုင်းခြင်းမရှိသော သူ့အပြုံးများ၊ လေးနက်ပြတ်သားသော သူ့စကားသံများ၊
မားမတ် ဖြောင့်ဖြူးသော သူ့ခြေလှမ်းများအားကြည့်ကာ ကျနော့်ရင်ထဲ
စကားတစ်လုံးပေါ်လာလေ၏။ ခေါင်းဆောင်။ သူသည်ကား ကျနော်တို့အတွက်
အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်ပင်ဖြစ်ပေတော့သည်။ ယခုခေတ်တွင်
အတွင်ကျယ်ဆုံးမှာ မီဒီယာများဖြစ်ပေလိမ့်မည်။ သို့သော် မင်းကိုနိုင်ကား
လွတ်လာလာချင်းတွင် မီဒီယာပေါ်မှတစ်ဆင့် ထိတွေ့မှုများပြုဖို့ထက် တကယ့်
ပြည်သူကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခဲ့သူ ခေါင်းဆောင်မှုပေးခဲ့သူဖြစ်ပါသည် ။
သူ့အတွက် မိသားစု သံယောဇဉ်သည် အဓိက မဟုတ်။ ကိုယ်ခန္ဓာ နွမ်းလျ
ပင်ပန်းမှုသည် အဓိက မဟုတ်။ ထင်ပေါ်ကျော်ကြားမှုသည် အဓိကမဟုတ်။ လမ်းပေါ်က
လက်လုပ်လက်စားပြည်သူအများစုသာ အဓိကဖြစ်ပါသည်။ ထို့ကြောင့် မင်းကိုနိုင်ကို
ပြည်သူတွေက မေတ္တာရောင်ပြန်ဟပ်ကာ မြတ်နိုးကြခြင်း ဖြစ်ပေလိမ့်မည်။
ဒီကမ္ဘာမြေပြင်ပေါ်ရှိ သက်ရှိလူသားများထဲတွင် `သတ္တိ´ဆိုသောအခြင်းအရာအတွက်
ပြယုဂ်မည်သူနည်းဟု ကျနော့်အား မေးလာငြားအံ့။ မင်းကိုနိုင်အား လက်ညှိုးထိုး
ညွှန်ပြမိတော့မည်ဖြစ်ပါသည်။ သူသည်ကား ... နောက်လာမည့် မျိုးဆက်များအား
အတုယူစရာ စိတ်ဓာတ်ပိုင်ရှင်အဖြစ်အမြဲ တည်ရှိသွားတော့မည်သူဖြစ်ပါသည်။
သူလွတ်မလာခင်ညက ကျနော်ရေးခဲ့ပါသည်။ ငါတို့ရဲ့ သက်ရှိ သူရဲကောင်း၊ ငါတို့ရဲ့
သက်ရှိ ဒဏ္ဍာရီ၊ ငါတို့ရဲ့ သက်ရှိ စံပြုပုဂ္ဂိုလ်၊ ငါတို့ရဲ့ သက်ရှိ
ကျောင်းသားသမဂ္ဂ ဟု ထောင်မှ ထွက်လာလာချင်း မင်းကိုနိုင်၏လုပ်ရပ်များက
ထိုတင်စားချက်များထက်ပင် ပိုလွန်အောင် ပြုမူပြခဲ့ပါပြီ။ သေချာသည်ကတော့
မင်းကိုနိုင်သည်ကား ကျနော်တို့ မျှော်လင့်ချက်များအား ဘယ်တော့မှ
အလဟဿမဖြစ်စေခဲ့သူပင် ဖြစ်ပါလေတော့သည်။ by:[သွန်းနေစိုး]

No comments:
Post a Comment