ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......
၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များ Saturday, 21 January 2012 20:09 Sanctions အပေါ်အမြင်

''ပိတ်ဆို့အရေးယူမှုဆိုတာ သူ့အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။
အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ တရားတော်မြတ်အတိုင်း။ ဒါကြောင့်
ပိတ်ဆို့အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို
မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို
ဖယ်ရှားဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကူညီ
ဆောင်ရွက်ပေးနိုင်ပါတယ်။'' (ကိုမင်းကိုနိုင်)
''ကျွန်တော်တို့
Sanctions ကိစ္စ ပြောလို့ရှိရင် ကျွန်တော်တို့ နားလည်တာကတော့
အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတယ်လို့
မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ
၂၆ နှစ်စလုံးမှာ ကိုယ့်ဖာသာ ကိုယ် Sanctions လုပ်တာ ကျွန်တော်တို့
ခံခဲ့ရပြီးပါပြီ။ အခုမှ ကျွန်တော်တို့ ဒီ Sanctions ကိစ္စက အင်မတန်ကို
ရေပန်းစားနေတဲ့ စကားလုံးဖြစ်နေပေမယ်လို့ ကျွန်တော်တို့ နိုင်ငံကိုယ်နှိုက်က၊
ကျွန်တော်တို့အစိုးရ ကိုယ်နှိုက်က Sanctions လုပ်တာကို နှစ်ပေါင်းများစွာ
ကျွန်တော်တို့ ခံစားခဲ့ရပြီးပါပြီ။ နောက်ခုတဖြည်းဖြည်းနဲ့ ကျွန်တော်တို့
ပွင့်လင်းလာတယ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကို ကျွန်တော်တို့
ကြိုဆိုပါတယ်။ မကြာသေးသော ကာလကပဲ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာပေါ်မှာ
ဈေးအကြီးဆုံး တယ်လီဖုန်း၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး မော်တော်ကားတွေ
ရှိအောင်လည်း ဥရောပသမဂ္ဂက Sanctions လုပ်ထားတာ မဟုတ်ပါဘူး။ အမေရိကန်အစိုးရက
Sanctions လုပ်ထားတာ မဟုတ်ပါဘူး။ အဲဒီလို Sanctions ကိစ္စကိုပြောရင်
ကျွန်တော်တို့ကပဲ လူထုတွေ ဆင်းရဲနွမ်းပါးအောင်၊ ကျွန်တော်တို့
နိုင်ငံရေးအတိုက်အခံတွေက Sanctions လုပ်ထားတယ်ဆိုပြီးတော့ ဒီဟာကို
လက်နက်တစ်ခုအဖြစ်နဲ့ နိုင်ငံရေးအရ ထိုးနှက်ဖို့ အသုံးချနေတာဆိုရင် တော့
ကျွန်တော် လက်မခံပါဘူး။ အဲဒီလို တစ်ကယ့်တကယ်က ကျွန်တော့်တစ်ကိုယ်စာ
ဖွံ့ဖြိုးတိုးတက်စေချင်ရင် ကျွန်တော်ထောင်ထဲ သွားမနေဘူး။ ကျွန်တော်
ဒီနိုင်ငံရေးထဲ လာမလုပ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကိုယ်နှိုက်က
ဖွံ့ဖြိုးတိုးတက်ချင် လို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး
တိုးတက်ချင်လို့ ကျွန်တော်တို့ နိုင်ငံရေး လုပ်တာပါ။ အဲဒီတော့
ကျွန်တော်တို့က ကျွန်တော်တို့ပြည်သူကို နစ်နာမယ့်ကိစ္စမျိုးဘယ်တော့မှ
မလုပ်ဘူး။ ဟိုတုန်းကလည်း မလုပ်ဘူး။ နောက်လည်း မလုပ်ဘူး။ အဲဒီတော့
ကောင်းပြီ။ Sanctions ကိစ္စနဲ့ပတ်သက်ပြီးတော့ ခုနက မင်းကိုနိုင်
ပြောထားပြီးပါပြီ။ ဘာကြောင့် လုပ်ထားတာလဲ။ Sanctions လုပ်တဲ့
ကာယကံရှင်နိုင်ငံတွေနဲ့ အခု ထိတွေ့ဆက်ဆံနေပြီပဲ။ ဆွေးနွေးနေပြီပဲ။ အဲဒီတော့
Sanctions ဖြစ် ရတဲ့အကြောင်းရင်းတွေကို ဖြေရှင်းရင် Sanctions က သူ့ဟာသူ
ပြေလည်သွားမှာပါ။ တောင်းဆိုနေစရာ မလိုပါဘူး။ အဲဒီတော့ Sanctions
လုပ်ရတဲ့အကြောင်းရင်းတွေကို ကျွန်တော်တို့ပါ ပူးပေါင်းပြီးတော့
ဖြေရှင်းမယ်။ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ အဲဒါက Sanctions
နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားပါ။'' (ကိုကိုကြီး)
နိုင်ငံရေးအကျဉ်းသား အပေါ်အမြင်
''နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲဆိုတဲ့မေးခွန်း၊ နိုင်ငံရေးအရ
ဖမ်းဆီးထားသူများ ရှိ၊ မရှိ ဆိုတဲ့ ကိစ္စ၊ ကာယကံရှင်တွေ မည်သို့ပင် ရှိတယ်၊
မရှိဘူး ပြောပါသော်လည်း ပြည်သူလူထုကြီးက ဆုံးဖြတ်ပြီးသွားပါပြီ။ ပြီးခဲ့တဲ့
၁၃ ရက်နေ့ လွတ် လာတဲ့အပေါ်မှာ သင်္ဘောဆိပ်၊ ဘူတာရုံတွေ၊ လေဆိပ်တွေ၊
ကားဂိတ်တွေမှာ ပန်းတောင်းကြီး မှောက်ကြသွားသလို လူတွေ ဒလဟော အူလှိုက်သဲလှိုက်
ပြေးပြီးတော့ ကြိုကြတယ်။ အဲဒါ သူခိုး၊ ဓားပြတွေ မဟုတ်ပါဘူး။
ဘယ်လိုလူစားတွေလဲဆိုတာ ပြည်သူလူထု သိပါတယ်။ ပြည်သူလူထု
ဆုံးဖြတ်ပြီးသွားပါပြီ။ နိုင်ငံရေးအကျဉ်းသား ရှိ၊ မရှိ ဆို တာ။''
(ကိုမင်းကိုနိုင်)
နိုင်ငံရေးပါတီအဖြစ် ရပ်တည်၊ မတည် အပေါ်အမြင်
''ကျွန်တော်တို့ ၁၉၈၈ ခုနှစ် အရေးအခင်းစပြီးတော့ ပေါ်ပေါက်လာတဲ့အကြောင်း
အရင်းခံကိုကကို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်မျိုး၊
နိုင်ငံရေးစနစ်မျိုးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျွန်တော်တို့
ကြိုးပမ်းတိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ၂၀၀၈ ခုနှစ်၊ ၂၀၁၀
ခုနှစ်တွေ ကာလတွေအတွင်းမှာလည်း ကျွန်တော်တို့ ၈၈ မျိုးဆက်
ကျောင်းသားတွေအနေနဲ့ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ကိစ္စကို
မမေ့ မလျော့ သတိပြုစေချင်လို့ ထပ်ပြီးတော့ ကျွန်တော်တို့
သတိပေးခဲ့ပါသေးတယ်။ ဆိုတော့ ဒီအားလုံးပါဝင် နိုင်ရေးဆိုတာ ကျွန်တော်တို့
စတင်ခဲ့တဲ့ကိစ္စ၊ ကျွန်တော်တို့ ထပ်တလဲလဲ သတိပေးခဲ့တဲ့ကိစ္စဖြစ်တဲ့အလျောက်
အခုဒီအချိန်မှာလည်း ကျွန်တော်တို့အားလုံး ပါဝင်နိုင်ရေးကိစ္စကို
အလေးထားလိုပါတယ်။ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ အချက်ပေါ်မှာ
အခြေခံတဲ့အချက်ကြောင့်မို့လို့ ကျွန်တော်တို့လည်း ပါဝင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အရေးကြီးတဲ့ပွဲမျိုးမှာ
ကျွန်တော်တို့ ဖယ်ရှားခံထားခဲ့ရပါတယ်။ အခုမှပဲ ပြီးခဲ့တဲ့တစ်ပတ်လောက်မှ
အားလုံး မျက်စိရှေ့မှောက်ကို ပြန်ရောက်လာခဲ့ရပါတယ်။ ဆိုတော့ ကျွန်တော်တို့
ဘယ်လိုပုံစံနဲ့ ပါဝင်ခွင့်ရှိမလဲ။ ကျွန်တော်တို့ ဘယ်လောက်လွတ်လွတ်လပ်လပ်
ပါဝင်ခွင့်ရှိမလဲ။ ကျွန်တော်တို့တင်မဟုတ်ဘူး။ အခုသွားနေတဲ့
ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ လက်ရှိအစိုးရ ဦးဆောင်
အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဖြစ်စဉ်မှာ
မပါဝင်ရသေးတဲ့သူတွေကော ဘယ်လို ပါဝင်ခွင့်ရှိမှာ၊ ဒီအခြေအနေတွေကို
ကျွန်တော်တို့ စောင့်ကြည့်ပြီးတော့ အားလုံးပါဝင်နိုင်ဖို့
ဘာတွေထပ်ပြီးပြင်ဆင်ရဦးမလဲဆိုတာကို အချိန်ယူစဉ်းစားနေတာ ဖြစ်ပါတယ်။'' (ကိုလှမျိုးနောင်)
လက်ရှိကြားဖြတ်ရွေးကောက် ပွဲအပေါ် အမြင်
''ကျွန်တော်တို့ ၂၀၀၇ ခုနှစ် ဖမ်းဆီးထိန်းသိမ်းမခံရခင်တုန်းက
နိုင်ငံရေးအခြေအနေနဲ့ အခုကျွန်တော်တို့ ပြန်လည်လွတ်မြောက်လာပြီး
ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ နိုင်ငံရေးအခြေအနေဟာ ပုံသဏ္ဍာန်အားဖြင့်
ပြောင်းလဲသွားတာတော့ အသေအချာပါပဲ။ ပထမဦးဆုံးကတော့ ကျွန်တော်တို့
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့
ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် အတောအတွင်းမှာပဲ အတည်ပြုခဲ့ပါတယ်။ နောက်တစ်ခါ
ကျွန်တော်တို့ အငြင်းပွားစရာတွေရှိနေတဲ့ ၂၀၁၀ ရွေး ကောက်ပွဲရလဒ်၊
အဲဒီကနေဖြစ်ထွန်းလာတဲ့ လွှတ်တော်အခင်းအကျင်း၊ နိုင်ငံတော်သမ္မတဦးဆောင်တဲ့
အစိုးရသစ်အဖွဲ့ စသည်ဖြင့် နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာပါပြီ။
အဲဒီတစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကြားဖြတ်ရွေးကောက်ပွဲ ကြေညာမှုဟာလည်း
ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့်မို့လို့လည်း
ကျွန်တော်တို့ရဲ့ သဘောထား ထုတ်ပြန်ချက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆုံးဖြတ်ချက်ကို ကျွန်တော်တို့
ထောက်ခံတယ်ဆိုတာဟာ အင်မတန်စွန့်စားရတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နဲ့ အတူ ကျွန်တော်တို့
နိုင်ငံသားတွေနဲ့အတူ ဒုက္ခသုက္ခ အ၀၀ကို ဝေဒနာတွေကို တနင့်တပိုးကြီး
ကျွန်တော်တို့ ခံစားပြီးတဲ့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
လက်တွေ့ကျတဲ့ ရွေးချယ်မှုတစ်ခု၊ စွန့်စားပြီးတော့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို
ထောက်ခံတယ်လို့ ပထမဦးဆုံး ကြေညာခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့ ရက်သားပဲ
ရှိပါသေးတယ်။ ထောင်က လွတ်လာတာ။ အဲဒီတော့ ဒီရွေးကောက်ပွဲမှာ ၈၈
ကတည်းကနေပြီးတော့ စဉ်ဆက်မပြတ် ပါဝင်လှုပ်ရှားခဲ့တဲ့ ကျွန်တော်တို့
လုပ်ဖော်ကိုင်ဖက်တွေကနေပြီးတော့
တစ်သီးပုဂ္ဂလ ၀င်သွား တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့
နားလည်မှု အပြည့်အ၀နဲ့ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ ၈၈
မျိုးဆက် ကျောင်းသားများအနေနဲ့ကတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်
ယှဉ်ပြိုင်မှာ မဟုတ် ပါဘူး။ သို့သော်လည်းပဲ ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့
ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့
ကျွန်တော်တို့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''
(ကိုကိုကြီး)
၈၈ မျိုးဆက်ကျောင်းသားများ ဆိုသည့် အပေါ်အမြင်
''၈၈ မျိုးဆက်ကျောင်းသားများဆိုတာ မြစ်တစ်စင်းနဲ့ တူပါတယ်။
မြစ်တစ်စင်းကရေကို လက်ခုပ်နဲ့ ခတ်ပြီးတော့ ဒီလောက်ပဲလို့ပြောမယ်ဆိုရင်
မဖြစ်ပါဘူး။ မြစ်ဖျားကနေ ပင်လယ်ထိ စီးဝင်တဲ့ရေဟာ မြစ်တစ်စင်းရဲ့ ရေပါ။
ဒါကြောင့် ၈၈ ရဲ့ အင်အားဟာ ကန့်သတ်လို့ မရပါဘူး။ ၈၈ ဆိုတဲ့ အချိုးအကွေ့
အပြောင်းအလဲကြီးတစ်ခုလုံးကို အားစိုက်သယ်ဆောင်လာတဲ့ အဲဒီချိန်က
ကျောင်းတက်နေတဲ့ ကျောင်းသားတွေကစပြီးတော့ ဒီကနေ့ထိ ပါဝင်နေတဲ့ ၉၆၊ ၉၈ စတဲ့
အရေးတော်ပုံတွေ ၂၀၀၇ မှာပါဝင်တဲ့ ကျောင်းသားတွေအားလုံးဟာ ၈၈ မျိုးဆက်တွေပါ။
၈၈ မျိုးဆက်တွေဟာ တစ်ပါတီ အာဏာရှင်ကနေ ဒီမိုကရေစီကို အချိုးအကွေ့ကို
ပြောင်းလဲခဲ့တဲ့ ၈၈ ရဲ့ မျိုးဆက်ဟာ ဒီကနေ့ထိ ကျန်နေပါသေးတယ်။
ဒါကတစ်ကြောင်းပါ'' (ကိုမင်းကိုနိုင်)
post: ဒီမိုမြေ
No comments:
Post a Comment