ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......

Sunday, 22 January 2012

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျစ်လျစ်ခိုင်မာ တောင့်တင်းရန် ပြန်လည်ဖွဲ့စည်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျစ်လျစ်ခိုင်မာ တောင့်တင်းရန်နှင့် အဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် သဘာပတိအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ကို ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ထို့ပြင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် အတွင်းရေးမှူး အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

... သဘာပတိအဖွဲ့တွင် ဦးတင်ဦး (နာယက)၊ ဦးဝင်းတင်၊ ဦးသန်း ထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေတို့ဖြစ် ကြသည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေ၀င်းမြင့်တို့ ဖြစ်ကြသည်။

အဆိုပါပုဂ္ဂိုလ်များကို ပါတီ စည်းမျဉ်း၊ ဖွဲ့စည်းပုံနှင့်အညီ သဘာပတိအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သဘာပတိအဖွဲ့ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သင့်တော်သလို ပြင်ဆင်ဖြည့်စွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် အတွင်းရေးမှူးအဖွဲ့ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ဖွဲ့စည်းလိုက်ပြီး အတွင်းရေးမှူးအဖွဲ့တွင် ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်တို့ ပါဝင်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နေ့က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ကန့်ကွက်သူမရှိ တညီ တညွတ်တည်း ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မှတ်ပုံတင် တည်ထောင်ခဲ့သော ပါတီဖြစ်သည်။

သို့သော် ယခင်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မတ်လ ၈ ရက် နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရက် ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံ မှတ်ပုံတင်ရမည် ဖြစ်သော်လည်း ကန့်သတ်ချက်များကြောင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဦးစီးအဖွဲ့အစည်းအဝေးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။   
သူ ရိန် အဇ္ဈတ္တ မှပြန်လည်ဖြန့်ဝေလိုက်ပါသည်။

No comments:

Post a Comment