ဒီမိုကရေစီအရေး စုစည်းရာမျိုးချစ်ညီအကိုများသို့ကြိုဆိုပါ၏.......
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ပြီလား

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ပြီလား၊ မြန်မာ့စီးပွာရေးကဏ္ဍ ၂၀၁၂ မှာ အလျင်အမြန် ပြောင်းလဲရတော့မည်
ဥရောသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့်
စီးပွားရေး ပိတ်ဆို့မှု (Sanctions) အား ယခုအခါ ပြန်လည် ရုပ်သိမ်းသင့်
မသင့်ဆိုသည့်အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး၊
လှုမှုရေးနယ်ပယ်စုံမှ ပညာရှင်များ၊ ပါဝင် လုပ်ဆောင်နေသူများမှ
သုံးသပ်ချက်များစွာဖြင့် ပြောကြားခဲ့ကြပါသည်။
ဥရောပသမဂ္ဂအနေဖြင့်
၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများကို
ပိတ်ဆို့မှုပြုခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမေရိကန်မှ လူ ပုဂ္ဂိုလ်တစ်ဦးချင်း၊
အဖွဲ့အစည်း တစ်ခုခြင်း၏ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ပိတ်ပင်ခဲ့သည်။
၂၀၀၄ ခု နှစ်တွင် မြန်မာနိုင်ငံနှင့်စီးပွားရေးအ ရဆက်ဆံမှုအားလုံးကို
ရပ်ဆိုင်းပစ်ခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၂၀၁၀ ပြည့်နှစ် မေလ တွင်
အရေးယူပိတ်ဆို့မှုများ သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။
“Sanctions
တွေကို နိုင်ငံတွင်း တိုးတက်မှုတွေနဲ့အညီ တစ်ဆင့်ပြီး တစ်ဆင့် လျော့ပေါ့
စေသင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါ ရီလ ၁၅ရက်နေ့တွင် သူမ၏ နေအိမ်၌
ပြင်သစ်မီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။
“ပိတ်ဆို့အရေးယူမှုဆိုတာ သူ့ အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။
အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ တရားတော် မြတ်အတိုင်း။ ဒါကြောင့်
ပိတ်ဆို့ အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို
မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို
ဖယ်ရှားဖို့အတွက် ဆိုရင်တော့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကူညီဆောင်ရွက်
ပေးနိုင်ပါတယ်”ဟု ၈၈မျိုးဆက် ကျောင်းသားများ၏ ပထမဆုံး
သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါသည်။
ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးလို့ ဘယ်လိုပဲ ပြောပြော၊
ဆင်းရဲတဲ့ ပြည်သူတွေ ပညာမတတ်တဲ့ ပြည်သူတွေက အများစု ဖြစ်နေရင် ဒီမိုကရေစီ
နိုင်ငံ ဖြစ်မလာနိုင်ပါဘူး…
နိုင်ငံတော်သမ္မတ၏ စီးပွားရေး
အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က “Sanctions ရုပ်သိမ်းဖို့ လုပ်လာတာ
ကောင်းတဲ့လက္ခဏာပါ။ ပိတ်ထားတာထက် ဖွင့်ထားတာပို ကောင်းတာပေါ့။ ဆက်ဆံရေးတွေ
တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်လာနိုင်တယ်။
နိုင်ငံရဲ့ စီးပွားရေးပြောင်းလဲ ရေးမှာ အထောက်အကူဖြစ်စေမှာပါ။
တကယ်တမ်းပြောရရင်Sanctions ရုပ်တာပဲဖြစ်ဖြစ်၊ မရုပ်သေးတာပဲဖြစ် ဖြစ်
နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုကတော့ အများကြီးဆက်လုပ်ဖို့
လိုသေးတယ်။ ဆက်လုပ်သွားဖို့ လည်းရှိတယ်။ စနစ်တွေ၊ဥပဒေတွေ၊ မူဝါဒတွေ
ပြောင်းလဲဖို့ လုပ်ရမှာတွေ တော်တော်များများ ရှိနေတယ်။ အရင် ကမှားခဲ့တဲ့
ဆိုးကျိုးတွေကို အကောင်းဘက်ကို ရောက်အောင် ဦးတည်ပြင်ဆင်သွားနိုင်ဖို့
လုပ်ရမှာပါ။ အခုချိန်ထိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအကဲ ဖြတ်ချက်တွေမှာ
မြန်မာက အောက်နားမှာပဲ ရှိနေတာဆိုတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို
အရှိန်အဟုန် မြှင့်ပြီးဆက်လက် ဆောင်ရွက်ဖို့ရှိပါတယ်”ဟု သုံးသပ်ခဲ့ပါသည်။
7171a
ပါမောက္ခဒေါ်လှမြင့်က “Sanctions ကြောင့် လူတိုင်းထိခိုက် ခံစားရပါတယ်။
ဒါကြောင့် အမြန်ဆုံး ဖြေလျှော့စေချင်တယ်။ စီးပွားရေးလုပ်ငန်းတွေ
လှုပ်သာလာမယ်၊ အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်။ နိုင်ငံရဲ့စီးပွားရေး
ဝန်ထုပ်ဝန်ပိုး လျော့လာနိုင်တယ်။ နိုင်ငံခြားလုပ်ငန်းတွေ
အများကြီးဝင်လာမယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအနေနဲ့
အခွင့်အလမ်းကိုယူနိုင်ဖို့ အဆင်သင့်ဖြစ်အောင် လုပ်ဖို့ အရေးကြီးလာပါပြီ။
အရင်က Sanctions ကြောင့် စီးပွားရေးလုပ်ရတာ ခက်ခဲတယ်လို့ လုပ်ငန်းရှင်တွေ
ပြောခဲ့တယ်။ အခု Sanctions ရုပ်ပြီဆိုရင် စီးပွားရေးက မြန်နှုန်းမြင့်
အနေအထား ဖြစ်လာနိုင်တော့ ပြည်တွင်းလုပ်ငန်းရှင်တွေ
အမီလိုက်နိုင်ဖို့လိုပါတယ်။ နိုင်ငံတော်ပိုင်းကလည်း ဥပဒေပိုင်း၊
မူဝါဒပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းတွေကို အချိန်ကိုက်
ပြင်ဆင်ပြောင်းလဲပေးဖို့ လိုတယ်။ Sanctions ရုပ်ပေမယ့်
နိုင်ငံရဲ့စီးပွားရေး အခင်းအကျင်းက မကောင်းရင်
ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်မှာ
မဟုတ်သလို နိုင်ငံ့စီးပွားရေးလည်း တိုးတက် မှာ မဟုတ်ဘူး။
သူတို့အဓိကကြည့်တဲ့ အချက်တစ်ချက် ဖြစ်တဲ့ နိုင်ငံရေး တည်ငြိမ်မှုကတော့
အခုအလားအလာ ကောင်းနေပြီ။ တခြားအခွန်တို့ စွမ်းအင်ရရှိမှုတို့က
ရင်းနှီးမြှုပ်နှံသူ တွေကို မဆွဲဆောင်နိုင်သေးဘူး။
တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲမှုရာခိုင်နှုန်း
က ၂၂ရာခိုင်နှုန်းပဲ ရှိသေးတဲ့ နိုင်ငံမှာ လုပ်ငန်းလုပ်ရင်
လျှပ်စစ်ဘယ်လိုပေးမှာလဲလို့ နိုင်ငံခြားလုပ်ငန်းတွေက စဉ်းစားမှာပဲ။
ဒါကြောင့် အစိုးရပိုင်းအနေနဲ့ အခြေခံအဆောက်အဦကို နိုင်ငံတကာ
တန်းမီအောင်အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့်တယ်။ နောက်ပြီး နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ငွေလဲနှုန်း၊ အခွန်နှုန်းနဲ့
စီးပွားရေးမူဝါဒပိုင်း ပြောင်းလဲမှုတွေ ကို နိုင်ငံခြားလုပ်ငန်းရှင်
စောင့်ကြည့်နေတယ်လို့ သိရတယ်”ဟုဆိုပါသည်။
“နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ
အပြိုင်သွားရပါတယ်။ တစ်ခုခုက ကျန်ခဲ့ရင် မှောက်ရက်လဲတတ်တယ်။ တစ်ဖက်ကလည်း
အတိုက်အခံတွေဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး ကူညီဆောင် ရွက်နေသလို
တစ်ဖက်ကလည်း စီးပွားရေး အခြေခံကောင်းတွေ၊ ပြုပြင်မှုတွေကို အစိုးရက
ဆောင်ရွက်သင့်ပါတယ်။ စီးပွားရေးဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
မူဝါဒအချို့နဲ့ လုပ်ဆောင်ချက်အချို့က အားရစရာ မကောင်းသေးဘူး။
တချို့ဌာနဆိုင်ရာနဲ့စီးပွားဆိုင်ရာ
အဖွဲ့အစည်းတွေမှာ ယုန်ကို မုန်လာဥ ဂိုဒေါင်စောင့်ခိုင်းသလိုမျိုး
ဖြစ်နေသေးတယ်။ ကျွန်တော်တို့ အနေနဲ့အစိုးရကို အစိုးရကောင်း တစ်ရပ်ဖြစ်အောင်
ဝေဖန်မှာ ဖြစ်သလို အတိုက်အခံတွေကိုလည်း အတိုက်အခံကောင်းဖြစ်အောင်
ဝေဖန်သွားရမှာပါ။ အတိုက်အခံကောင်းဆိုတာ မှားရင်မှားတာကို ရဲရဲရင့်ရင့်
ထောက်ပြပြောဆိုရသလို မှန်ရင်လည်း မှန်တာကို ထောက်ခံဖို့လိုတယ်။ အစိုးရလုပ်
နေသမျှအားလုံးကို အစိုးရနဲ့တန်းတူ သိရှိနေရမယ်။ Shadow Government
ဖွဲ့နိုင်တဲ့ အနေထားမျိုးရှိသင့်တယ်။ အစိုးရဘာလုပ်နေတယ် ဆိုတာတောင်
နားမလည်ဘဲနဲ့ ဝေဖန်နေတယ်ဆိုရင် ဒါအတိုက်အခံကောင်း ဘယ်ဟုတ်မလဲ။
မှန်မှန်ကန်ကန် ဝေဖန်နိုင်ပြီး မှန်မှန်ကန်ကန်လမ်းပြ
ဆောင်ရွက်ပေးနိုင်ရမယ်။ ဒါအတိုက်အခံကောင်းပဲ။ အစိုးရကောင်းတွေ လိုအပ်သလို
အတိုက်အခံကောင်းတွေ လိုအပ်ပါတယ်။ အတိုက်အခံကောင်း ဖြစ်မှ တစ်ချိန်မှာ
အစိုးရကောင်း ဖြစ်မှာပါ” ဟု Eleven Media Group ၏ CEO
ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။
“Sanctions ကတော့
အကြောင်း ရှိပြီး ဖြစ်လာတာပေါ့။ ဒါပေမယ့် အခုလို နိုင်ငံရေး
အပြောင်းအလဲကြောင့် ပြန်ဖွင့်သင့်ပြီ။ ပြန်ဖွင့်တာကို ကြိုဆိုတယ်။
တိုင်းပြည်အတွက် နစ်နာလို့ပါ။ တကယ်တော့ Sanctions ကြောင့် Open
စီးပွားရေးမဖြစ်ဘဲ Permit စီးပွားရေး ဖြစ်သွားတဲ့အတွက် နိုင်ငံမှာ Semi
Government တွေပေါ်လာပြီး အဲဒီအဖွဲ့တွေကို မှီခိုလုပ်ကိုင်တဲ့ အခွင့်ထူးခံ
အလွှာပေါ်လာခဲ့ တယ်။ အရည်အချင်းအမှန်နဲ့ တက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ
အားလုံးကျပ်တည်းသွားတယ်။ ဒီလိုလုပ်ငန်းရှင်တွေ ကျပ်တည်းတော့
လုပ်ငန်းရှင်တွေအပေါ် မှီခိုနေရတဲ့ အခြေခံ လုပ်သားတွေအတွက် အလုပ်သစ်မဖန်တီး
ပေးနိုင်သလို အလုပ်အကိုင် အခွင့်လမ်းနည်းပြီး တိုင်းပြည်ဆင်းရဲသွားတယ်။
ဒီထက်ဆိုးတာက သဘာဝသယံဇာတ သစ်၊ ကျောက်မျက် တွေဆိုရင် ပြည်ပနိုင်ငံတွေက
တစ်ဆင့်ရောင်းနေရလို့ အဲဒီနိုင်ငံက လုပ်ငန်းရှင်တွေက မြန်မာ့သယံဇာတနဲ့
ချမ်းသာနေကြတယ်။ ဥပမာ-တရုတ်၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံတွေမှာ
မြန်မာသစ်ကုန်ကြမ်းကို အနိမ့်ဆုံး ဈေးနဲ့ဝယ်ပြီး
ကုန်ချောထုတ်ရောင်းတဲ့အတွက် စီးပွားဖြစ်တယ်။ မြန်မာနိုင်ငံတွင်းမှာ ကျတော့
သစ်အခြေခံ နဲ့ ပတ်သက်တဲ့ လုပ်ငန်းဖွံ့ဖြိုးတာမျိုး လောက်လောက်လားလား
ပြစရာမရှိသေးဘူး။ Sanctions ရုပ်တာတစ်ခုတည်းနဲ့တော့ မြန်မာ့စီးပွားရေး
ပြောင်းသွားမှာမဟုတ်ဘူး။ Political Changes နဲ့ Economy Changes
ချိန်ခွင်လျှာညီမှရမယ်။ နိုင်ငံရေး အပြောင်းအလဲ တစ်ခုတည်း ရှေ့ရောက်နေလို့
မဖြစ်ဘူး။ Economy Changes အတွက်ဆိုရင် နှစ်မျိုးထပ်ရှိတယ်။ External
Economy Changes နဲ့ Internal Economy Changes ဆိုပြီးရှိ တယ်။ အခု
Sanctions ရုပ်တယ်ဆိုတာ ပြင်ပကစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။
Top Down ပြောင်းလဲမှုတစ်ခုတည်းနဲ့ မရဘူး Bottom Up ပြောင်းလဲမှုလည်းပြု မှ
Sanctions ရုပ်ခြင်းနဲ့အတူ မြန်မာ့ စီးပွားရေး ပြောင်းလဲမှာပါ” ဟု UMFCCI ၏
တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က “အကျဉ်းကျခံနေရသူတွေ
လွှတ်ပေးတာတို့၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့
ငြိမ်းချမ်းရေးဆွေးနွေးတာတို့ကို
ပြု လုပ်နေတာကြောင့် အမေရိကန်နဲ့ ဥရောပအပါအ၀င် နိုင်ငံတကာက ချမှတ်ထားတဲ့
ပိတ်ဆို့မှုတွေ ရုပ်သိမ်းလာမှာပါ။ တစ်ဦးတည်း အမြင်အရ ပြောရရင်
ဧပြီလမတိုင်ခင် ပိတ်ဆို့မှု တော်တော်များများ ဖြေလျှော့ပြီးဖြစ်မယ်လို့
ယူဆပါတယ်။ တစ်ဆင့်ချင်း ပဲ ဖြေလျှော့တာပဲဖြစ်ဖြစ်
ချက်ချင်းဖြုတ်ပေးတာဖြစ်ဖြစ် ဘယ်နည်းမဆို ကောင်းပါတယ်။ မြန်မြန်ဆန်ဆန်
ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ ဒါကြောင့်ဖြစ်နေတဲ့ နစ်နာမှုက ပမာဏ ကြီးပါတယ်။
ဝန်ထုပ်ဝန်ပိုးဖြစ်စေ ပါတယ်။ Sanctions တွေ ရုပ်သိမ်းသွားမယ်ဆိုရင်
တိုးတက်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ ၀န်ထုပ်ဝန်ပိုး တစ်ခုလျော့သွားမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့လျှောက်စီးပွားရေး အလားအလာတွေ ကောင်းလာနိုင်တယ်။
နိုင်ငံတွင်းကို ပြည်ပအရင်း အနှီး၊ ပြင်ပအရင်းအနှီးတွေ ပိုပြီး
စီးဝင်လာမယ်။ သူတို့လာချင်အောင်၊ ရင်းနှီးမြှုပ်နှံချင်အောင်
မက်လုံးပေးရမယ်။ ဘဏ်စနစ်တွေကောင်းအောင် လုပ်ပေးရမယ်။ ကုန်ထုတ်လုပ်ငန်းတွေ၊
စက်မှုလုပ်ငန်းတွေလုပ်လို့ ရအောင် ဆောင်ရွက်ပေးတာတို့၊ နိုင်ငံ တကာက
လက်ခံတဲ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ လုပ်နိုင်အောင်ပြင်ဆင်ပေးတာတို့
လုပ်ပေးရမယ်။ အခွန် ကိစ္စတွေ၊ လုပ်ငန်းစဉ်တွေထင်သာ မြင်သာဖြစ်အောင်၊
မျှတအောင်လုပ်ပေးဖို့ လိုတယ်။ တစ်ဖက်မှာလည်း ပြင်ပက အင်အားကြီးလုပ်ငန်းတွေ
ဝင်လာမယ့်အတွက် ပြည်တွင်းလုပ်ငန်း တွေအနေနဲ့ ယှဉ်နိုင်ပြိုင်နိုင်အောင်
လုပ်ထားဖို့အရေးကြီးတယ် အစိုးရပိုင်းကလည်း ပြည်တွင်းလုပ်ငန်းတွေ
တိုးတက်ဖို့ အားပေးပံ့ပိုးပေးသင့် တယ်”ဟု သုံးသပ်ခဲ့သည်။
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က “မြန်မာနိုင်ငံကို ချမှတ်ထားတဲ့
စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးသင့်ပါပြီ။ အခုအကျဉ်းသားတွေလည်း
လွှတ်ပြီးပြီ။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေး နေတယ်။
တခြားပြုပြင်ပြောင်းလဲရေး တွေလည်း လုပ်ဆောင်နေတာ တွေ့ရတယ်။ ပြီးတော့
ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖို့ကြိုးစားနေတဲ့
နိုင်ငံတစ်ခုဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် တရုတ်နဲ့ ဗီယက်နမ်တို့ထက်တောင်
သာသေးတယ်။ စနစ်အရ သာတယ်၊ ရှေ့ရောက်တယ်။ ပြုပြင်ပြောင်းလဲနေတဲ့
ခြေလှမ်းတွေအရ ဘာကြောင့်တစ်ဆင့်ချင်း လျှော့ပေးရမှာလဲ။ လုံးဝကို
မပိတ်ဆို့သင့်တော့ဘူး။ ဒီSanctionsကြောင့် တိုင်းပြည်မှာနစ်နာတာ
အများကြီးရှိတယ်။ ဘဏ်လုပ်ငန်းကဏ္ဍနဲ့ပဲ ပြောရင်တောင် ပိတ်ဆို့မှုကြောင့်
အဆင့်ဆင့် လုပ်နေရတယ်။ ငွေကုန်ကြေးကျပိုများတယ်။ စင်ကာပူက UOB ဘဏ်ဆိုရင်
မြန်မာပြည်က ဘဏ်တွေကြောင့် ဘီလျံနဲ့ချီပြီးမြတ်တယ်။ ၀န်ဆောင်ခကို
နင့်နေအောင်ယူတယ်။ Sanctions ကြောင့် တိုက်ရိုက်မချိတ်နိုင်တာကို
စင်ကာပူဘဏ်က ကူညီတယ်ဆိုပြီး ကျေးဇူးမတင်နိုင်ဘူး။ အဓိက က ဒီSanctions
ကြောင့် လုပ်ငန်းတွေ အခက်အခဲဖြစ်တယ်။ နစ်နာမှုတွေ အများကြီးရှိတယ်။
စီးပွားရေးဆိုတာ လူတိုင်းနဲ့ဆက်စပ်တဲ့အတွက် အပေါ်ကနေ အောက်အထိ
အကုန်လုံးထိခိုက်နစ်နာတယ်။ ဒါကြောင့် ပိတ်ဆို့မှုကို
အမြန်ဆုံးရုပ်သိမ်းစေချင်တယ်” ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ပါတီကတော့ Sanctions နဲ့ ပတ်သက်လို့ စီးပွားရေးပိတ်ဆို့တာကို
လုံးဝလက်မခံဘူး။ ဟိုးတုန်းကတည်းက စလုပ်ကတည်းက လက်မခံဘူး။ အခုလည်း
လက်မခံဘူး။ ၂၀၁၁ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတရားတွေဟာ ၂၀၁၂ ခုနှစ်မှာ
အကျိုးတရားတွေ ဖြစ်လာတယ်။ Targeted Sanctions လို့ ပြောပြောသူတို့တင်
မကဘူး။ ပြည်သူတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း
ထိခိုက်စေပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ပြည်သူကို ထိခိုက်စေမယ့်
ဘယ်လိုအကြောင်း ကိစ္စမဆို ဆန့်ကျင်ပါတယ်”ဟု တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေက ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က
“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တစ်လျှောက်လုံး ပြောနေတဲ့အတိုင်းပဲ
ကျွန်တော်ပြောချင်ပါတယ်။ ဘာလဲဆိုလို့ရှိရင် တိုင်းပြည်မှာ ဖြစ်နေတဲ့
လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ၊ ဒီမိုကရေစီရေး အခွင့်အရေးပိတ်ဆို့
မှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားလူမျိုးများနဲ့ လက်နက်ကိုင်
ပဋိပက္ခဖြစ်နေတာတွေ ပပျောက်သွားခြင်း မရှိဘူးဆိုရင် ဒီ Sanctionsတွေက
အရေးယူထားတဲ့ဟာတွေ တော့ ရုပ်သိမ်းဖို့ မသင့်ဘူးလို့ ထင်တယ်။
ရုပ်သိမ်းမယ်ဆိုလို့ရှိရင် လည်း အဲဒီခုနကပြောတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ၊ ဒီမိုကရေ စီရေး ပိတ်ဆို့မှုတွေ၊ တိုင်းရင်းသား
လက်နက်ကိုင်ပဋိပက္ခတွေ၊ ဒါတွေ လျော့ပါးသွားတာနဲ့အမျှ ဒီ Sanctions တွေဘက်က
လျှော့ချရေးကို လည်း တိုးမြှင့်လာမှာပဲလို့ ကျွန်တော်တို့
အဲလိုပဲပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ဒီနေ့အထိ အဲဒီအတိုင်းပဲ
ယူဆပါတယ်။ သမ္မတကြီးက နေပြီးတော့ အခုလို တိုက်တွန်းတာတွေနဲ့ ပတ်သက်ပြီး
ကျွန်တော်တို့က ကြားရတယ်။ အဲဒီထဲမှာ ထူးခြားတဲ့အချက်က နောက်ကြောင်း
မပြန်တော့ဘူးဆိုတာကို အာမခံတယ်ပေါ့။ အဲဒါအတွက် ကျွန်တော်တို့ ဘာပဲပြောပြော
အဲဒါ သည်ပင်လျှင် အရေးကြီးတဲ့ လျှော့ပေါ့ချက်တစ်ခု ဖြစ်တယ်လို့
ကျွန်တော်တို့ သတ်မှတ်ပါတယ်။ သို့သော် သမ္မတကြီးပြောတာနဲ့ ဟုတ်ရဲ့လား လို့
အများကြီး မေးခွန်းမေးစရာတွေ ရှိနေမယ်လို့ ကျွန်တော်က ထင်တယ်” ဟု
ပြောကြားခဲ့သည်။
“နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နဲ့
စီးပွားရေးပြုပြင်ပြောင်လဲမှု တစ်ပြေးညီဖြစ်ဖို့လိုတယ်။ အခု နိုင်ငံရေး
ပြောင်းလဲမှုက ရှေ့ရောက်တဲ့ သဘောဆောင်နေတဲ့တွက် စီးပွားရေး နောက်ကျ
ကျန်နေရင် ပြဿနာပေါင်းစုံဖြစ်လာမှာ စိုးရိမ်မိတယ်။ ဒါကြောင့် Sanctions ကို
အလျင်အမြန် ရုပ်သိမ်းသင့်ပါတယ်”ဟု စာရေးဆရာ ဒေါက်တာခင်မောင်ညိုက
သုံးသပ်ခဲ့ပါသည်။
“လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတာက education
နဲ့ knowledge ကြားမှာ Gap ဖြစ်နေတယ်။ Gap ဖြစ်လာတာကလည်း အကြောင်းရှိတယ်။
industryမဖွံ့ဖြိုးတော့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ လေ့လာရတာ
မလွယ်ကူဘူး။ ၂၀၁၅ မှာ AFTA လာတော့ ဖွင့်ချလိုက်ရမယ့် အချိန်မှာကိုယ့်ဘက်က
မကျန် ခဲ့အောင်တော့ရတဲ့ အခြေအနေနဲ့လုပ်ဖို့ လိုနေတယ်။ Sanctions
ရုပ်တာမရုပ်သိမ်းတာထက် HR ကို develop ဖြစ်အောင် လုပ်ထားရမယ်။ resource
မှာ လူတင်မဟုတ်ဘူး။ အဆောက်အအုံ ပိုင်းကိုလည်း ပံ့ပိုးရမယ်။ Sanctions
ရုပ်လိုက်လို့ နည်းပညာတွေ ၀ုန်းကနဲဝင်လာချိန်မှာ ကိုယ့်ဘက်က
ကျန်မနေခဲ့အောင်တော့ ပြင်ဆင်ထားဖို့လိုပါတယ်”ဟုလည်း ဆောက်လုပ်ရေးပညာရှင်
ဦးစောထွေးဇော်က ပြောကြားခဲ့သည်။
“sanctionsဟာ
ဆင်းရဲမွဲတေမှုကို တွန်းအားပေးတယ်။ ပြီးတော့ ကုမ္ပဏီအသေးလေးတွေ
သာမန်စီးပွားရေး လုပ်ငန်းရှင်တွေကို ထိခိုက်စေတယ်။
ယှဥိပြိုင်နိုင်မှုမဲ့စေတယ်။ ကုန်သွယ်မှုကို အတားအဆီး ဖြစ်စေတယ်ဆိုတော့
တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ် ဆိုပေမဲ့
sanctions ကိုအမေရိကန်က ရုတ်သိမ်းမယ် ဆိုရင်တော့ သူတို့သတ်မှတ်ထားတဲ့
စံနှုန်းတွေနဲ့ ကိုက်ညီမှပဲပေးမှာပါ။ နိုင်ငံရေးအရ လက်ခံနိုင်တဲ့
ဖြေလျော့မှုတွေလုပ်ရင် စီးပွားရေးအရ ဖြေလျော့မှုတွေ သူ့ ဘာသာသူ လုပ်လာမှာပါ။
ပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ နှစ်ခုလုံးပြိုင်တူလုပ်မှရမှာပါ။
တစ်ဖက် က sanctions မရှိမှလည်း ပိုပြီး တိုင်းပြည်စီးပွားရေး
အားကောင်းလာမှာပါ”ဟု စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ
တစ်ဦးက သုံးသပ်ပြခဲ့သည်။
“၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံက
ချခဲ့တဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့
အမျိုးသားသွေးစည်း ညီညွတ်ရေးစတဲ့ အလံသုံးလက်ပေါ့။ အဲဒါ အမျိုးသားနိုင်ငံရေး
လမ်းစဉ်ပဲ။ ဒီမိုကရေစီ ဖော်ဆောင်တယ်ဆိုတဲ့ Step တစ်ခုမှာ
အဓိကအနေနဲ့တောင်းတာတစ်ခုက နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးဖို့ပဲ။ အခု
နောက်ဆုံးအချိန်မှာ တော်တော်များများ လွတ်သွားပြီ။ အရေးကြီး
လူပုဂ္ဂိုလ်အများစု လွတ်သွားပြီ။ နည်းနည်းပဲကျန်တော့တယ်။ ၁၀၀ရာနှုန်းလို့
မပြောနိုင်ပေမယ့် စိတ်ကျေနပ်စရာ တစ်စုံတစ်ရာရှိလာပြီ။
ပွင့်ပွင့်လင်းလင်းပြောရရင် စောစောကမယုံဘူး။ ဒါပေမယ့် အခုနောက်ဆုံး
မင်းကိုနိုင် အပါအ၀င်အများစုကို လွှတ်လိုက်တော့ နိုင်ငံရေးအကျဉ်းသားနဲ့
ပတ်သက်ရင် Majority တော့ လွတ်သွားပြီ။ ဒုတိယတစ်ချက်က
ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အများစုက ပြည်ထောင်စုအဆင့် ဆွေးနွေးရေးကို
ရောက်နေပြီ။ ကေအိုင်အေနဲ့တောင် ၁၉ ရက်နေ့ကတွေ့ပြီ ကြေညာချက် ထွက်လာပြီ။
အပစ်အခတ်ရပ်မယ်လို့ မပါသေးပေမယ့် ဆိုးရွားသွားတာတွေမပါအောင်
ထိန်းသိမ်းမယ်လို့ ပါလာတဲ့အတွက် ငြိမ်းချမ်းရေးအတွက် တစ်စုံတစ်ရာ
လှုပ်ရှားလာပြီလို့ ပြောလို့ရတယ်။ ဒီအခြေအနေမှာ Sanctions ရုပ်မယ်ဆိုရင်
ရုပ်နိုင်မယ့် အချက်အလက်တွေ ပေါ်ထွက်လာပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့်
တိုင်းပြည်ဆင်းရဲရတာဟာ Sanctions ကြောင့်ပါလို့တော့ ပြောလို့မရဘူး။
နဂိုကတည်းက အစိုးရအဆက်ဆက် ဖောက်ပြန်မှားယွင်းတဲ့ စီးပွားရေး
မူဝါဒတွေကြောင့် ဆင်းရဲတွင်းနက်နေရတာ။ အထူးသဖြင့် Crony Capitalism ဆိုတဲ့
မျက်နှာကြီးရာ ဟင်းဖတ်ပါ ဘော်ဒါကဏ္ဍ စီးပွားရေးစနစ် တွေ၊ လက်ဝါးကြီးအုပ်
အခွင့်ထူးခံ အဖွဲ့အစည်းတွေကြောင့်ပဲ။ သူတို့ရဲ့ မှားယွင်းတဲ့
စီးပွားရေးစနစ်တွေကြောင့် ပျက်စီးတာ။ ကျွန်တော့်အနေနဲ့ကတော့ ဒီအခြေအနေဟာ
Sanctions တွေ ရုပ်သိမ်းဖို့အခြေခံတွေ ပေါ်ပေါက်လာပြီလို့
မြင်ပါတယ်။ပြောင်းလဲမလား မပြောင်းလဲဘူး လားဆိုတာကတော့ စောင့်ကြည့်ရပါမယ်။
Sanctions ရုပ်မယ်ဆိုရင် တော့ ရုပ်သင့်တဲ့အခြေအနေကို ရောက်နေပြီ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့
ပတ်သက်လို့ ဒီမှာရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်။ အဲဒါနဲ့ မလုံလောက်
ဘူး။အဓိကပြောနိုင်တဲ့အချက်တွေက မြေယာနဲ့ ပတ်သက်ပြီး ၁၉၄၇ မှာ
ကန့်သတ်တဲ့ဥပဒေရှိတယ်။ ၁၉၈၇မှာ ပြန်ပြီးမွမ်းမံတယ်။ မရွှေ့ပြောင်း
နိုင်တဲ့ပစ္စည်းကန့်သတ်တဲ့ ဥပဒေရှိတယ်။ ရှိတဲ့အခါမှာ
နိုင်ငံခြားသားတွေအနေနဲ့ မြေပိုင်ခွင့်မရှိဘူး။ တစ်နှစ်ထက်ကျော်ပြီး
ငှားရမ်းလို့မရဘူး။ အဲဒီအခါမှာ သူတို့က ဒီမှာ အကြီးအကျယ်လာပြီး Estate
လုပ်တဲ့အပေါ်မှာ ဘယ်လို အာမခံချက်ရှိမယ်ဆိုတာ မသိဘူး။
တိကျတဲ့စီးပွားရေးဥပဒေတွေ မရှိဘူး။ အခွန်ဥပဒေက ဘယ်လိုယူမှာလဲ။ အမြတ်အခွန်က
ဘယ်လိုလုပ်မှာလဲ။ အဲဒီအခြေခံအချက် အလက်တွေရှင်းရှင်းလင်းလင်းရှိဖို့ လိုပါသေးတယ်။အဲဒီအတွက် နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ
က လာဖို့ချိန်တော့ ချိန်ကြမှာပဲ။ လာတာကောင်းတယ်။ ကြိုလည်း ကြိုဆိုတယ်”ဟု
မန္တလေးမြို့နေ နိုင်ငံရေးနယ်ပယ်မှ ဦးသိန်းသန်းဦး ကပြောကြားခဲ့သည်။
“နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုဆိုရင် နိုင်ငံရေးကတောင်
ရှေ့ကိုအတော်ရောက်နေတယ်လို့ ပြောရမယ်။ မြစ်ဆုံကနေ အကျဉ်းသားတွေ
လွှတ်ပေးတဲ့အထိ ဘာမှမကြာလိုက်ဘူး။ ပြောင်းတာတော့ ပြောင်းနေပြီ။
သို့သော်အပေါ်မှာ ပြောင်းပေမယ့် အောက်မှာဘာမှ ပြောင်းလဲမလာတာတွေ
ရှိနေသေးတယ်။ ဒါကလည်း ဒီမိုကရေစီနဲ့အသားမကျ သေးလို့ပေါ့။
အချိန်တော့ယူရအုံးမယ်”ဟု မန္တလေးမြို့နေ နိုင်ငံရေး နယ်ပယ်မှ
ဦးသိန်းသန်းဦးကပြောကြားခဲ့သည်။
“အစိုးရဖွဲ့တာလည်း တစ်နှစ် ပြည့်တော့မယ်။ စီးပွားရေးပိုင်းမှာလည်း
ခေါင်းတွဲကပဲသွားနေပြီး တော့ နောက်ကတွဲတွေလိုက်ဖို့ လိုနေသေးတယ်။
ဒီမိုကရေစီအစိုးရရဲ့ ထုံးစံအတိုင်း ၆ လ သို့မဟုတ် တစ်နှစ်ပြည့်ရင်
ကက်ဘိနက်ကို ပိုမိုသွက်လက်တဲ့ အစိုးရအဖွဲ့မျိုးဖြစ်အောင် Reshuffle
ပြန်လုပ်သင့်တယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့မူဝါဒတွေ လည်း
ပိုမိုကောင်းမွန်အောင် ပြန်သုံးသပ်သင့်တယ်။ လုပ်နိုင်စွမ်းမရှိတဲ့ သူတွေ
အစား လုပ်နိုင်စွမ်းရှိတဲ့သူတွေကို အစားထိုးသင့်တယ်။ ဒါ့အပြင် ဗဟိုဘဏ်လို၊
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်လို စီးပွားရေးအတွက် အရေးပါတဲ့နေရာတွေ
ဒါတွေဟာ Political post မဟုတ်ဘူး၊ Technical post တွေဖြစ်တဲ့အတွက်
ပညာရှင်တွေ ခန့်သင့်တယ်။ ဌာနဆိုင်ရာတွေမှာလည်း လူမှန်နေရာမှန်ချထား ဖို့
လိုအပ်တယ်။ ဥပမာ-အကောက်ခွန်၊ အခွန်ဦးစီး၊ တကယ့်စီးပွားရေးနဲ့ ပတ်သက်တဲ့
တံခါးစောင့်နေရာတွေမှာ တကယ်ကို အရည်အသွေး ပြည့်ဝပြီးတော့ ကိုယ်ကျင့်တရား
ကောင်းမွန်တဲ့၊ လောဘသက္ကာယ နည်းတဲ့ သူတွေ၊ မျှမျှတတလုပ်လိုတဲ့
ဆန္ဒရှိတဲ့သူတွေကို သက်ဆိုင်ရာ ဌာနတွေ၊ ဌာနဆိုင်ရာ အကြီးအကဲ နေရာတွေမှာ
သေသေချာချာစိစိစစ်စစ် ရွေးချယ်ခန့်ထားသင့်တယ်။ တခြားစီးပွားရေးနဲ့
ပတ်သက်တဲ့ ကုန်သွယ်ရေးလို ဌာနတွေ၊ နေရာတွေမှာ ပညာရှင်တွေကို ပိုခန့်ထားဖို့
ဒီထက် ပိုနေရာပေးဖို့ လိုပါတယ်။ Political post ဖြစ်တဲ့
ဝန်ကြီးနေရာတွေကို မခန့်ထားရင်တောင်၊ ညွှန်ကြားရေးမှူးချုပ်တွေ
ညွှန်ကြားရေးမှူးတွေနေရာမှာ ပညာရှင်တွေ ပိုခန့်ထားသင့်တယ်။
ရှေ့လျှောက်နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံရတော့မယ်။ အခုနိုင်ငံ တကာက လာတော့မယ်။
ရင်းနှီးမြှုပ်နှံ မှုတွေ လာတော့မယ်။ တကယ်တော့ မူတွေ ချည်းပဲပြင်လို့မရဘူး
လူတွေ ပါ ပြင်ရမယ်။ ခိုင်မာတဲ့စီးပွားရေး မူဝါဒတွေလည်း ဆွဲရမယ်။
ဘောလုံးအသင်းလိုပဲ လက်ရှိအသင်းနဲ့တော့ မရဘူး”ဟု Eleven Media Group ၏ CEO
ဒေါက်တာသန်းထွဋ်အောင် က သုံးသပ် ပြောကြားခဲ့ပါသည်။
“Sanctions က ဆင်းရဲသားတွေအပေါ်ထိခိုက်မှုရှိတယ်ဆိုတာ
ကောင်းကောင်းကြီး ယုံကြည်တယ်။ လက်လည်းလက်ခံတယ်။ ဥပမာ ပဲလောကက
ဆုံးရူံးမှုတွေကို ပြန်ကြည့်ရင်လည်း သိနိုင်တယ်။ ဟိုတုန်းက
ပဲကိုကုမ္ပဏီအကြီးအသေး အကုန်လုံး ပို့ ကြတယ်။ နောက်ပိုင်း sanction
တွေများလာတော့ ကုမ္ပဏီ အကြီးကြီးတွေပဲ လုပ်နိုင်တော့တယ်။ အဓိကကတော့ letter
of Credit ဖွင့်လို့မရလို့။ အဲဒီတော့ ကုမ္ပဏီတွေက တစ်ခါစင်ကာပူမှာ၊
ဟောင်ကောင် မှာ ကိုယ်ပိုင်ကုမ္ပဏီတွေ သွားဖွင့်ရတယ်။ အဲဒီမှာတင် transistion
cost တွေတက်လာရော။ကုမ္ပဏီအသေးတွေက မတတ်နိုင်တော့ဘူး။ LC ဖွင့်တာမှာလည်း
ယူရိုနဲ့ဖွင့်တယ် ဒေါ်လာပြန်ပြောင်းတယ်။ ဒေါ်လာကနေ မြန်မာငွေပြန်ပြောင်းတယ်။
အဲဒီ မှာ အဆင့်ဆင့်ဖြစ်နေတော့ transitional cost က
သုံးရာခိုင်နှုန်းလောက်ရှိသွားတယ်။
ဒီအထဲမှာ ငွေကြေး အတက်အကျကြောင့် ဆုံးရှုံးသွားတဲ့ ပမာဏမပါသေးဘူး။
ကုမ္ပဏီအသေးတွေ မလုပ်နိုင်ကြဘူး။ ကိုယ်ပိုင်ရောင်းနေတာကနေ
ကုမ္ပဏီအကြီးကြီးတွေ ဆီကိုပဲ ပေးလိုက်ရတယ်။ အဲဒီမှာတင် လိမ်လည်မှုတွေ၊
အလွဲသုံးစားမှု တွေလာတော့တာပဲ။ ပြီးတော့အခု စင်ကာပူမှာဖြစ်တဲ့
ဟွန်ဒီကိစ္စဆိုရင်လည်း အယ်လ်စီဖွင့်မရလို့ ဟွန်ဒီကို အားကိုးရတာ။
နောက်ပိုင်း လိမ်လည် မှု ဖြစ်လာတာပဲ။ နောက်တစ်ခုက ပတ်ဝန်းကျင်ရေးရာတွေကိုပါ
ထိခိုက်လာတယ်။ စားစရာမရှိ တောထဲသွား လိပ်ဖမ်း၊ သတ္တ၀ါတွေ ဖမ်းတန်ဖိုးရှိတဲ့
species တွေ ဆုံးရှုံးကုန်တယ်။ နောက်ဆုံး တောထဲမှာမရမှ မလေးတို့
ထိုင်းတို့ထွက်ကုန်ကြတာပါ။ ဒီတော့ sanctions ကပြည်သူတွေရဲ့
နေ့စဉ်ဘ၀တွေအပေါ်မှာ သက်ရောက်တဲ့အတွက် sanctions မရှိဘူးဆိုရင် ဒီဘ၀တွေ
ကောင်းလာနိုင်တယ်။ သို့သော်လည်း တစ်ခုစဉ်းစားရမှာက sanctions သည်
အပြောင်းအလဲ တစ်ခုအတွက် တွန်းအားလည်း ဖြစ်နေတယ်။ ဒီတွန်းအားတစ်ခုကလည်း
လိုနေတဲ့ အနေအထားရှိတယ်။ ဒီအတွက် ဖြစ်လာခဲ့တာဆိုတော့ ကျန် ရှိနေသေးတဲ့
နိုင်ငံရေး အကျဉ်းသားတွေ အမေ့ခံအဆင့်နဲ့ရပ်မနေဘဲ လွတ်မြောက်လာဖို့၊
တိုင်းရင်သားကိစ္စတွေ မီဒီယာလွတ်လပ်ခွင့် ပီပီပြင်ပြင်ရဖို့ ကျောင်းသား
သမဂ္ဂဖြစ်လာဖို့၊ စီတန်းလှည့်လည်ခွင့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ စတဲ့
ဒီမိုကရေစီ စံနှုန်းတွေရှိလာဖို့ လိုနေပါတယ်။ ဒါတွေဖြစ်လာရင် sanctions
ဆိုတာ ရှိမှာတောင် မဟုတ်တော့ပါဘူး။ အခုဆိုရင် အရေးအရာကိစ္စတွေအပေါ် ဥပမာ
မူဝါဒတစ်ရပ်ချမှတ်ပြီး လွှတ်တော်ရော၊ executive level
မှာလုပ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အပေါ်ကလုပ်နေပေမယ့် အောက်ခြေ မှာ
အရင်ကရှိခဲ့တဲ့ ဗျူရိုကရေစီအတိုင်း သွားနေတယ်။ သူတို့
အကျိုးစီးပွားထိခိုက်မှာ စိုးရိမ်နေတာလည်း ရှိတယ်။
ဒါကြောင့်အောက်ခြေမှာလည်း လက်တွေ့ကျကျလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်
နိုင်ငံရေး မှာ တိုးတက်ကောင်းမွန်တဲ့ မြင်သာတဲ့ အပြောင်းအလဲဖြစ်ရင်
စီးပွားရေးအရ ဆန်ရှင်က အလိုလိုပါသွားမှာပါ”ဟု သဘာဝပတ်ဝန်းကျင်နှင့်
စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သူ Eco Dev မှ ဦးဝင်းမျိုးသူက
သုံးသပ်ပြပါသည်။
အလားတူပင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင်
မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့သော အမေရိကန်ရီပတ်ပလီကင်
အထက်လွတ်တော် အမတ်မက်ကော်နယ်၏ ပြောကြားချက်အရမူ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်အား စစ်မှန်သော reformer တစ်ဦးအနေဖြင့် အပြည့်အဝ
ယုံကြည်ကြောင်း သမ္မတ နှင့်တွေ့ဆုံပြီးနောက်ပိုင်း သတင်းထောက်များအား
ပြောကြားခဲ့သည် ဟုသိရှိရသည်။ အလားတူမြန်မာနိုင်ငံ အပေါ် ကန့်သတ်ထားသော
စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်လျှင်မူလာမည့် ဧပြီလ ကြားဖြတ်
ရွေးကောက်ပွဲအပြီးတွင် ဖြစ်လာနိုင်စရာ ရှိကြောင်းအရိပ်အမြွက်
ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။
ယင်းအနေဖြင့်
စံသတ်မှတ်ချက် သုံးခုအား ချပြခဲ့ပြီး နံပါတ်တစ်အနေဖြင့် လာမည့်ဧပြီလ
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် အပြည်ပြည်ဆိုင်ရာ လေ့လာ
စောင့်ကြည့်သူများအားခွင့်ပြုပေး
ရန်၊ တိုင်းရင်းသား လူမျိုးစုများနှင့် အပစ်အခတ်ရပ်စဲရန်နှင့်
မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတို့အား ရပ်တန့်ရန်စသည့် စံသတ်မှတ်ချက်
များအား ထည့်သွင်းပြောကြားသွားခဲ့ကြောင်းနှင့်
ယင်းစံများနှင့် ညီညွတ်ပါက စီးပွားရေးပိတ်ဆို့မှုကို
ပယ်ဖျက်ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကြံဥာဏ်လည်း
ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။
“ပြုပြင်ပြောင်းလဲမှုတွေကို ယုံကြည်စိတ်ချမှုမရှိသေးဘူးလို့ ဆိုသည့်တိုင်အောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
အားပေးဖို့ Sanctions ရုပ်သင့်နေပါပြီ။ စီးပွားရေးပြောင်းလဲမှုတွေ
မလုပ်ဘူးဆိုရင် နိုင်ငံရေး အပြောင်းအလဲတွေက ခြေတုပ်ပြီးလဲသွားပါလိမ့်မယ်။
ခေါင်းဆောင်ပိုင်း က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလို့ ဘယ်လိုပဲပြောပြော၊
ဆင်းရဲတဲ့ပြည်သူတွေ ပညာမတတ်တဲ့ပြည်သူတွေ က အများစုဖြစ်နေရင် ဒီမိုကရေစီ
နိုင်ငံဖြစ်မလာနိုင်ပါဘူး”ဟု Eleven Media Group ၏ CEOဒေါက်တာ
သန်းထွဋ်အောင်က သုံးသပ်ပြော ကြားခဲ့ပါသည်။
Sunday, 22 January 2012 11:28
post: ဒီမိုမြေ
No comments:
Post a Comment